|
|
ရှင်သန်
စာရေးဆရာ၊ ဂုဏ်တေဇာကို
ရပါစေနိုး၊ အတွေးမိုး၍
သူ့ကျိုးလိုလား၊ စိတ်ထားမှကွာ
ဆိုးရွားလှစွာ၊ ကိုယ်ကျိုးရှာလို့
များစွာ့သောင်းသောင်း၊ စာအပေါင်းကို
ထပ်လောင်းခါခါ၊ ရေးခဲ့ရာသည်
ဘယ်မှာထိုသို့ ဟုတ်မည်နည်း...။
သုတမကြွယ်၊ လူသွယ်သွယ်တို့
ဆယ်ယူသုံးစား၊ အကျိုးများဖို့
သိထားပြီးသူ၊ လူဆူဆူလည်း
တွေ့မူတစ်ဖန်၊ ဖတ်မိပြန်သော်
သန္တာန်နှလုံး၊ စွဲမြဲထုံးဖို့
အပြုံးမေတ္တာ၊ လွှမ်းခြုံကာဖြင့်
မှန်စွာမသွေ၊ ရေးသားပေသည်
အမှားတွေပြင်၊ အမှန်ဝင်လော့...။
ရှင်သန်
14.8.2010
♥♥အမျိုးအတွက်ဆို သေရဲတယ် ♥♥
တို့မြန်မာပြည် တိုင်းရင်းသားတို့၊
မောင်ရင်းနှမလို ချစ်ရမယ်။
ကြီးသူ ရိုသေ ငယ်သူ သနားလို့၊
ရွယ်တူလေးစား စောင့်ရှောက်ကွယ်။
မျိုးဇာတိဂုဏ် မြင့်မားရေးအတွက်၊
သာကီသွေးတွေ မွေးရမယ်။
တို့မြန်မာကို လာမထိနဲ့၊
ကမ္ဘာသိအောင် ချေမှုန်းမယ်။
ကံငါးပါးကို ဦးထိပ်ထားလည်း၊
အမျိုးအတွက်ဆို သတ်ရဲတယ်။
တို့တိုင်း တို့ပြည် တည့်တန့်ရေးအတွက်၊
အသက်သွေးနဲ့ ပေးဆပ်မယ်။
တစ်ဗိုလ် ကျလျှင် တစ်ဗိုလ်တက်မကွဲ့၊
အမျိုးအတွက်ဆိုရင် သေရဲတယ်။
ဝီရသူ
အချိန်ဆိုတာ သဘာဝက ပေးအပ် လိုက်သည့်
လက်ဆောင်ကောင်း ပါ။ အချိန်နှင့်ပဲ အရာရာကို လဲ လှယ်ပြီး
ရယူခဲ့ကြတာပါပဲ။ ပညာရှင်အမျိုး မျိုးက အချိန်ကို
နည်းပေါင်းစုံစွာ ဖွဲ့ နွဲ့ကြတယ်။ အချိန်ဆိုတာ
ဆုတ် ယုတ်သည့် ဘက်ကိုလည်း
သွားနေ တယ်။
တိုးတက်သည့်ဘက်ကိုလည်း ခရီးနှင်နေတယ်။
ရှင်သန်ဆိုတာ ဘာမှ မဟုတ်ပါ။ သူများလက်နဲ့ ထမင်းစားသည်။ သူများ ခြေထောက်များနဲ့ လမ်း လျှောက်သည်။ တစ်ခုတော့ သူ ဟုတ်သည်။ မပြည့်စုံခြင်းများကို ပိုင်ဆိုင်ထားသူပေါ့။ မေတ္တာမှန် သမျှ ငတ်မွတ်နေသူ။ သူဟာ သိပ်ပြီးတော့လည်း မချစ်တတ် ဘူး။ လောကကို မှုန်တေတေ နဲ့ မြင်သူပါ။ ဒါပေမယ့် သူဟာ ရိုး သားတယ်။ အကောင်းဆုံးထိ တော့ မဟုတ်ပါ။
|
|
|
|
|
|
|
|
ဇင်မင်းထွန်း- ၀ဿန်မြေ၏ ကဗျာများ |
|
|
|
|
|
|
|
|
|
|
|
♥♥ အပြန် ♥♥
အဝေးက
ရပ်ကျန်ရစ်တဲ့ တောတန်းရဲ့
နှောင်ကြိုးအထပ်ထပ်မှာ မေတ္တာတရား
ထားခဲ့ရပြီ ...။
ဘယ်ဆီဘယ်ဝယ် အငေးနဲ့
ပြိုကျလု မျက်ဝန်းတစ်စုံ။
တစ်နယ်ဆီခြားရတဲ့ ချစ်ခြင်းမှာ
တစ်ယောက်ရင်ထဲ ညိုတဲ့ မိုးက
တစ်ယောက်ကိုယ်မှာ ရွှဲရွှဲစို....
တစ်ဦးစိတ်ထဲ လောင်တဲ့ မီးက
တစ်ဦးနှလုံးသားထဲ ရဲရဲစွဲလို့ ။
ဝေခဲ့ခြင်းက အဆုံးတိုင်လား...
တစ် ဆို့လာတဲ့ စကားနဲ့
နှစ်ယောက်သားမှာ မည်းမည်းမှောင်ခဲ့ ။
ဖြတ်နင်းသွားတဲ့ လေက တရွှီးရွှီးမြည်လို့ ...
နာကျင်မှုကတော့ အသံတိတ်လို့ ...
ရှေ့မှာ ချိုးမယ့်လမ်းခွဲက တည့်တည့်ရပ်လို့ ...
သံရှည်ဆွဲ ပြေးထွက်သွားတဲ့
ရထားခုတ်မောင်းသံက အဆက်မပြတ် တုန်ခါလို့ ...
ဘယ်တော့မှ ငြိမ်းမယ် မသိတဲ့
အပူမီးက
တငွေ့ငွေ့ တဝေေ၀ လွင့်လို့ ..... ။ ။
♥♥ အလွှာပါး ♥♥
လောကဓံ ဆိုတာ
ပုံသေနည်းမရှိဘူးလေ...
မျှော်လင့်တာက တခြား
ဖြစ်လာတာက တခြား ၊
အောင်မြင်ခဲ့ရင် ခရာမှုတ်လိုက်
ကျရှူံးခဲ့ရင် နှဲမှုတ်နေလိုက်ပါ ။
အမှားပါးရင် ခွင့်လွှတ်ပါ၊
အမှန်ပါရင် ကျေနပ်ပေးပါ ။
နောက်ပြန်လှည့်ဖို့ ဆိုတာကတော့
စဉ်းစားရမဲ့ စာရင်းထဲမှာ
ခုချိန်ထိ မပါသေးဘူး...။
အတွေးအခေါ်ရဲ့
ဆုံးဖြတ်မှုနဲ့  တုံ့ပြန်မှုက
ထပ်တူကျချင်လည်း ကျမယ်...
မကျချင်လည်း မကျဘူး ။
လောကီနယ်ပယ်မှာ-
အချစ်၊ အမုန်း၊ အပြုံး၊ အမဲ့
တလှည့်စီရင်ဆိုင်
ရှူံးသူမှိုင် ၊ နိုင်သူပြူံး
နှလုံးသား အစားထိုးကုမလား ?
ခံစားမှုကို အစားထိုးကုမလား ?
ဝန်းကျင်က တိမ်းရှောင်ထွက်ပြေးမလား ?
ဒီကမ္ဘာကြီးကိုပဲ စွန့်ပစ်ခဲ့မလား ...?
အဖြေမရှိလဲ ကိစ္စမရှိဘူး-
ဆုံးဖြတ်ပြီးလို့ မြစ်ပြင်ကိုဖြတ်ကူး ...
ရေလယ်ခေါင်ကျမှ
ကိစ္စရှိပြီဆိုရင်တော့
မေးခွန်းလည်း ထုတ်စရာမလို...
အဖြေလည်း ပေးစရာမလို...
ယိုင်နဲ့နေရင် တည့်မတ်
အတွေးချော်ရင် ပြန်ဖျောင့်
ကိုယ့်ကိုယ် ကိုယ် တည်ဆောက်၊
နောက်ဆုံး
ကောက်ရိုးတမျှင်
သစ်ကိုင်းတစ်ကိုင်း
နွယ်တစ်ပင်ပဲ ဆွဲရဆွဲရ
ဘ၀ဆိုတာ ... ဒါလောက်ပါပဲ၊
ပြောပါ့လောက်အောင်မရှိဘူး...
တကယ်ပါ-
ဘ၀ဆိုတာ ဒါလောက်လေးပဲ ...။ ။
♥♥ မှော်ဝိညာဉ် ♥♥
စိတ်ကြမ်းတော့ လေပွေ ၊
စိတ်နုတော့ လေပြေ ၊
စိတ်လေတော့ နွေရိုင်း ...
စိတ်ပုဝါ လိပ်ပြာကူးတော့
လူး လွန့် လွင့် လှိုင်း .....။
စိတ်သာတော့ ဖြေရှာ ၊
စိတ်ပျော်တော့ ကဗျာ ၊
စိတ်နာတော့ ငိုချင်း ...
စိတ်အညာ လိပ်ပြာရှက်တော့
ပန်း ၀ှက် ရင်တွင်း .....။
စိတ်ရွှင်တော့ ငြိမ့်ညောင်း ၊
စိတ်ကြည်တော့ ပုလွေချို ၊
စိတ်ညိုတော့ မုန်တိုင်း ...
စိတ်အထာ လိပ်ပြာနှိုးတော့
စိုး ပင့် သက် ၀ိုင်း .....။
စိတ်စေရာ ကလောင်ဝင့်
အတွေးဖွင့် လိပ်ပြာ ...
စာဆိုရှင် အတောင်ဖြန့်ကျက်
တောနက်နက် အတွေးတစ်ခုနဲ့
ရေးခက်နေရှာ .....။
အနုပညာ
မာယာကွဲ့ ထင်လင်း ...
မာန်ဟုန်ဝင့် လေကိုဖြတ်လို့
ရော်ရွက်ကြွေ ညှာတစ်ခက်ကို
မှော်သက်သေ ကဗျာရယ်လို့ ...
ဖန်ဆင်းရှင် မညှာတာ တွေး၊
နာမ်ရုပ်ဆင် လှပလာအောင်
အသက်ဝင်အောင် ဂါထာစုပ်
မန်းမှုတ် ဖန်ဆင်း .....။ ။
♥♥ ရုန်း ♥♥
လရောင်ကို မှန်ကြည့်
ရွာရိုးကိုးပေါက်လိုက်ပြီး လူပျိုမလှည့်နိုင်ဘူး ။
နေ့ခင်းက
ဗာဟီးရတွေ ထည်လဲဝတ်ဆင်နေရလို့
ဒီညပါမှ
အိုတီ ( အချိန်ပို ) ဆင်းရတော့မယ် ။
တောင်ယာထဲ
လရောင်ရနံ့  မူးမူးကြောင့်လား...
ခြံစည်းရိုးက အချိန်မှန်အော်တဲ့ နာရီကြောင့်လား...
အလုပ်ဝင်တိုင်း
နောက်က တကောက်ကောက်လိုက်နေတတ်တဲ့
ဂုတ်ကြားကြောင့်လား ...
နွားတစ်ရှဉ်းရဲ့ နှေးကွေးတဲ့
ခြေလှမ်းတွေကြောင့်လား...
ငါ့မျက်ဝန်းရဲ့ ဝေေ၀၀ါးဝါးကြောင့်လား...
ထယ်ရေးကောက်
ညရေးကောက်
မဟုတ်မှ လွဲကရော
ငါ့ဘ၀ရဲ့ လမ်းပြမှတ်တိုင်တွေလား...
သေချာပါပြီ ၊
တောင်ယာခေါင်မိုးပေါ်က ဖြတ်သွားတဲ့
ဖိုးကုန်းငှက်ကလေးရဲ့ အော်သံ
ငါ့ခေါင်းပေါ်ကို လွင့်ကျလာတယ် ...
ဖိုးကုန်း...
ရုန်း...
ရုန်း...... ဟဲ့
ဟဲ့ ... ဖေသားတို့ ။ ။
♥♥ ရွာခရီး ♥♥
စပါယ်ယာရဲ့သြဇာသံနဲ့အတူ
နတ်ပူးသလို ခုန်ပေါက်
ဆင်းမယ့် တထောက်တော့ရောက်ခဲ့ရ ...
ဆက်ရဥင်္ီးမယ့်ခရီးက
ခရီးကြမ်း ...
သွားစရာလှည်းလမ်းပဲရှိ ...
နွားလှည်းက နှေးလွန်းတော့ ငိုက်မြည်းလာတယ် ။
` လှည်းဆရာ မြန်မြန်မောင်းပေးပါ ´
လှည်ဆရာ စိတ်မရှည်စွာနဲ့
` ဒါ ... နွားလှည်း၊ ကားမဟုတ်ဘူး ´ တဲ့။
အသာလေးပဲ ငြိမ်နေလိုက်ရ ...
မိုးမချုပ်ခင် ရွာရောက်ချင်စမ်း
ခပ်လှမ်းလှမ်းတွေမှာ
လယ်ကွင်း နဲ့ တောအုပ် ။
အဝေးကို လှမ်းမျှော်ကြည့်လိုက်တော့
နေက ၀င်တော့မယ် ...
ရွာက မမြင်ရသေးဘူး ။ ။
♥♥ စက်ဝန်းရာသီ ♥♥
အဖူးမရှိ ...
အပွင့်မရှိတဲ့
သစ်ခြောက်ပင်ကြီးက
မြစ်ကို ဒီလိုပဲ
ငေးကြည့်နေတော့မှာလား ...။
မယုံနိုင်စရာ သဲလွန်စ ဆိုလို့
သဲပွင့်တစ်ပွင့်တောင်မထတဲ့
သောင်ပြင်ကြီးကလည်း
အချစ်ကို မျိုသိပ်နိုင်တာတော့ လွန်လွန်းတယ်...။
ရာသီစက်ဝန်းနဲ့အတူ
အရွယ်သုံးပါး၊ ဥတုသုံးပါး၊ အရွယ်သုံးပါးမှာ
အကွေ့ အချိုးတွေများ...
ပရိယာယ်နဲ့ စီးဆင်းခဲ့ပေမဲ့
မှတ် ထင်သလောက် မနက်ရှိုင်းခဲ့တော့
ရေစီးသံက မနွဲ့နှောင်းဘူး...။
လေညှင်းကို အပိုင်ရလိုမှုနဲ့
အနှိုင်အရှုံးအတွက်
အငြင်းပွားနေကြတဲ့
စွန်လွှတ်နေသော ကလေးငယ်တစ်စုနဲ့
ရွက်လှေတချို့ ...။ ။
♥♥ ဘယ်သူတွေက ရူးတာလည်း ♥♥
ပင်ပန်းမှု ပူလောင်ခြင်း၊
သောက ဒုက္ခတွေ ...
ခံစားရအောင်
လောကထဲကို
ငိုကြီးချက်မနဲ့
ငါ ... ရောက်စ,
လောက ပြုံးရယ် ကြိုခဲ့ကြတယ် ။
လူဖြစ်ခြင်း ဆိုတဲ့
ဒုလ္လဘ တရားကြီးကို ... မေ့လျှော့၊
လောကဓံ တရား
ရှစ်ပါးရှိတာကို ... မေ့လျှော့ ၊
ကာလ ယန္တရာကြီးနဲ့
အမှန်တရားတွေလည်း ... မေ့လျှော့၊
ဗြဟ္မစိုရ်တရားပါ ... မေ့လျှော့ရင်းနဲ့
သောကငြိမ်းပြီ ...
ဒုက္ခဆုံးပြီ ...
အပြုံး သေပန်း
ငါ ... ဆင်မြန်းလို့
အေးချမ်းငြိမ်သက်
ငါ ... နှုတ်ဆတ်မှ
အိုဘယ့် , လောက
ငိုယိုကြတယ် ....၊
လောက ... ရူးလား ,
ငါ ... ရူးလား ......။
♥♥ မိုးတွေရွာစွေ ♥♥
ကောင်းကင် .. ထက်မှာ ၊ ခြိမ်းကာ .. ခြိမ်းကာ
လျှပ်စစ် .. ၀င်းလက် ၊ ပျက်ကာ .. ပျိုးကာ ...
နက်မှောင် .. တိမ်ညို ၊ လွှမ်းခြုံ .. မိုးနေ
ကိုင်းခက် .. လေဆောင် ၊ နွဲ့၍ .. ထိမ်းနေ ...
တိမ်းကာ .. ယိမ်းကာ ...
မိုးတွေရွာစွေ ...။
ပြုံးပျော် .. ခဲ့တယ် ၊ မိုးရေ .. ထဲမှာ
ချစ်လာ .. ခဲ့တယ် ၊ မိုးရွာ .. ဆဲမှာ ...
မိုးရေ .. ခုလေ ၊ နှောင်းလွန် .. ရွေ့လာ
စိမ်းရက် .. သူရယ် ၊ စိမ်းနိုင် .. အားတယ်
မိုးရေ .. မိုးရေ ...
မိုးတွေ .. ရွာစွေ ၊ ရွာစွေပါ .. မိုးရေ ...
သည်းရွာ .. တော့လေ ၊ အားကူ .. ဖြည့်ကာ
သည်းလိုက် .. ဦးပေါ့ ၊ မိုးရေ .. ထပ်ကာ...
ခုဆို .. သူလေ ၊ မိုးကို .. မေ့နေ
မေ့လျော့ .. မှာပါ ၊ မိုးရေ .. မိုးရေ...
သည်းပါ .. သည်းပါ ...
မိုးတွေ .. ရွာစွေ ...။ ။
♥♥ ပြည်တွင်းဖြစ် နှလုံးသား ♥♥
ချစ်သူရေ ...
နိုင်ငံရပ်ခြားမှ အထင်ကြီးတဲ့
နိုင်ငံရပ်ခြားကိုသွားတော့မယ့် နင့်ကို
ငါ့မှာ ... ပြောစရာစကားတွေ မရှိတော့ဘူး ။
သည်ကဗျာဟာ ...
နွေကိုရှောင်တဲ့
ဆောင်းခိုငှက် ၊
အပူဒဏ်ကို မခံနိုင်လို့
ပျို့တက်လာခြင်း သက်သက်ပါ ။
မူးယစ်မှ
က, ခုန်တက်ကြတဲ့
နင်တို့လို လူတွေအတွက်
ငါ ... အရက်မသောက်တော့ဘူး ၊
ငါ ... ဆေးလိပ်မသောက်တော့ဘူး ၊
ငါ ... ကွမ်းမစားတော့ဘူး ၊
အဲဒါ ...,
နင့်ကို စွဲလန်းတဲ့ အရာမှန်သမျှကို
ငါ ...,
ခါချပြလိုက်တာပါပဲ ... ချစ်သူ ။
လမ်းဘေး ဓာတ်တိုင်အောက်က
ငါတို့ ဂစ်တာဝိုင်းက
အော်ဟစ်ပေါက်ကွဲသံတွေ
ရိုင်းချင်ရိုင်းမယ် ...
ဒါပေမဲ့ , ချစ်သူရယ် ...
အဲ့ဒါ ... ငါတို့ရဲ့ သမိုင်း
ငါတို့ရဲ့ ဒီဇိုင်း ၊
ဘယ်ဆေးဝါးရဲ့ မှိုင်းမှ
အမိခံမထားဘူး ... ချစ်သူ ။
ဝမ်းနည်းတဲ့အခါ
ရင်နာစရာ ... သီချင်းတွေဆိုပြီး
လမင်းကြီးကို ငိုပြလိုက်မယ် ...။
ဝမ်းသာတဲ့အခါ
ပျော်စရာ သီချင်းတွေဆိုပြီး
ကောင်းကင်ကို ဦးညွှတ်လိုက်မယ် ...။
သောင်းဂဏန်း ၊ သိန်းဂဏန်းတွေချီပြီး
ကုန်ကျလေ့ရှိတဲ့ ,
နင်တို့ရဲ့ ဒစ္စကိုထဲက
ငွေကြေးတွေကို
အလှူခံပြီး ....၊
ငါ့ ဆင်းရဲသားရပ်ကွက်ထဲက
ဆင်းရဲသားတွေကို
ထမင်းတစ်နပ်စာလောက်
ကျွေးချင်ပါတယ် ချစ်သူ ။
နင်တို့ရဲ့
တစ်ညတာ ကုန်ကျစရိတ်ဟာ...
ဆင်းရဲသားတစ်ချို့ရဲ့
တစ်လစာ ၀င်ငွေလောက်ရှိတယ်ဆိုတာ
နင်သိအောင်
ငါ ပြောပြပါရစေ ...။
ငါ ... နင့်ကို သိပ်ချစ်ပါတယ် ...
မြန်မာပြည်ကို ခင်တွယ်ဖို့
မြန်မာဆန်ဆန် လှပဖို့
ငါ့ မျက်ရည်တွေနဲ့
ဖြောင့်ဖျဖို့ လိုနေပြီလား ... ချစ်သူ ။
ချစ်သူ ...,
ငါ ... ဂျင်ဘောင်းဘီဝတ်ပါတယ် ၊
ဒါပေမဲ့ ,
ငါ ... အရက်မသောက်ဘူး ။
ငါ ... ဘယ်ဘက်နားမှာ နားကပ်ပန်ထားပါတယ် ၊
ဒါပေမဲ့ ,
ငါ ... မူယစ်ဆေး မသုံးစွဲဘူး ။
ငါ ... တီရှပ်ဝတ်ပါတယ် ၊
ဒါပေမဲ့ ,
အဲ့ဒီအင်္ကျီအောက်က ,
ငါ့ အသည်းနှလုံးက
မြန်မာပြည်နဲ့ နင့်ကိုသာ အချစ်ဆုံးပါ ...
နင့်ထက်
ပိုချစ်ရမဲ့သူတစ်ယောက်
ဟော့ဒီကမ္ဘာမှာ ရှိနေဦးမယ်ဆိုရင် ၊
ချစ်သူ ... ,
နင်ပဲ .. သူ့ကိုပြောပေးပါ ...
ငါ့မှာ ...
အချစ်မရှိတော့ဘူး လို့ ။
ဂလိုဘယ်လိုက်ဇေးရှင်း ဆိုလား ...
ကမ္ဘာကြီးဟာ ...
ရွာတစ်ရွာ ဖြစ်သွားပြီဆိုလား ...
နည်းပညာခေတ်ဆိုလား ၊
ဟိုနား ... ဒီနား ...
ငါ ကြားပါတယ် ။
ငါလည်း ... ခေတ်မီချင်ပါတယ် ချစ်သူ...
ဒါပေမဲ့ကွယ် ...
တစ်ယောက်တည်းတော့
ခေတ်မမီချင်ဘူး ...။
နင် ... အထင်ကြီးတဲ့
နေရာဒေသတွေကို
ငါလည်း အထင်ကြီးပါတယ် ။
ဒါပေမဲ့ ...
ငါ ... မကိုးကွယ်ဘူး ။
အတုယူစရာရှိရင် ယူချင်ပါတယ် ။
ဒါပေမဲ့
ငါ ... အတုမခိုးဘူး ။
ဥရောပဆန်တဲ့
နင့်ရဲ့
ချစ်ခြင်းမေတ္တာ ဟန်ပန်တွေအောက်မှာ
ငါ ...
ဒူးမထောက်ဘူး ... ချစ်သူ ၊
နင့်ရဲ့ အလှအပဟာ
ငါ့ရဲ့ အလင်းရောင်မဟုတ်ဘူး ၊
နင့်ရဲ့ အနာဂတ်သာ ...
ငါ့ရဲ့ အလင်းရောင်ပါ ချစ်သူ ။
ဒါပေမဲ့ ချစ်သူရယ် ...
ချစ်ခြင်းမေတ္တာ ကြိုးတစ်ချောင်းနဲ့တော့
တခြားကိုသွားမယ့် နင့်ခြေလှမ်းတွေကို
ငါ ... ချည်နှောင်မထားရက်ပါဘူး ။
နင် ထားရစ်လို့
ငါ့မှာ ...,
လွမ်းလို့ သေသွားခဲ့ရင်တောင်
စီးကျမယ့် ငါ့မျက်ရည်
မြန်မာပြည်ရဲ့
ချောင်းရေ ၊ မြစ်ရေ ၊ ပင်လယ်ရေထဲမှာသာ
စီးမျော ပျော်ဝင်ပါရစေ ...။
ခေတ်မီတိုးတက်ချင်တဲ့
နင့်ရဲ့ စိတ်ကို
ငါ ...,
တိတ်တိတ်လေး ချီးကျူးပါမယ် ။
ဒါပေမဲ့
ငါ့ကိုချစ်ရင်
နင် ... ဘယ်မှမသွားပါနဲ့လို့
ငါ ...,
ပြောထွက်မှာ မဟုတ်ဘူးချစ်သူ ။
နင်ကိုယ်တိုင်ရဲ့
` စိတ် ´ထဲက ၊
ငါ့ကို မခွဲနိုင်လို့ ,
`` ကိုကို
မီးငယ် ... ဘယ်မှ မသွားတော့ဘူး ´´ လို့
နင့်နှုတ်ဖျားက ... စကား
( တကယ်လို့များ )
ငါ ... ကြားခွင့်ရရင် ၊
ငါ ... စကားတစ်ခွန်းပြောလိုက်ချင်ပါတယ် ...
ချစ်သူရယ် ...,
ငါ ...
မြန်မာပြည်ကို အရမ်းချစ်တယ် ...,
ဒါပေမဲ့ ...
နင့်ကို ,
`` မြန်မာပြည်ထက် ... ပိုချစ်တယ် ´´ .....။ ။
♥♥ အလွမ်း ပန်း ♥♥
ဘ၀ရဲ့
မြစ်ရေကြောမှာ ...
မျောပါ မောပန်းလာခဲ့သမျှ
ငါ့ , မှီခိုရာ...
ငါ့ , တွယ်ကပ်ရာ...
ငါ့ , ဆိုက်ကပ်ရာ... ကမ်းစပ်လေးက,
မင်း တစ်ယောက်တည်းပါ ... ချစ်သူ ။
ကျောင်းပြန်လာတဲ့ ကလေးငယ်ဟာ...
သူ ,
ကျောင်းမှာတွေ့ ကြုံသမျှ
မိခင်ရင်ခွင်ထဲ ခေါင်းဝှေ့ခိုလှုံ
တီတီတာတာ ပြောပြတတ်သလို ...
ငါ့ရဲ့ , အလဟဿကုန်ဆုံးခဲ့ရတဲ့
နာရီဆိုးတွေအကြောင်း ၊
ခြောက်ခြားတုန်လှုပ်စွာနဲ့  ကုန်ဆုံးနေရတဲ့
အိပ်မက်ဆိုးတွေအကြောင်း ၊
ပြင်းပြင်းထန်ထန် ထိရှခဲ့တဲ့
ဒဏ်ရာ အနာတရတွေအကြောင်း ၊
ပြောပြစရာ နေရာဆိုလို့
မင်းရဲ့ ရင်ခွင်တစ်ခုတည်းသာ ...
ငါ့ရဲ့ ခိုဝင်ရာပါ ချစ်သူ ။
` ချစ်ခြင်းမေတ္တာ ´ ဆိုတဲ့
ဝေါဟာရ သေးသေးလေးရဲ့
အင်ပါယာ ,
ကျယ်ဝန်းနက်ရှိုင်းလွန်းလှတယ် ဆိုတာ...
မင်းမသိဘူးလား ချစ်သူ ...။
မင်း အနားမှာ မရှိတဲ့အခါ
ငါ ...
ဘာကိုမှ ငေးမကြည့်ခဲ့ဘူး ။
လ, သာတဲ့ညမှာ
ငါ တစ်ယောက်တည်း ငေးကြည့်မိတာဆိုလို့
မင်းနဲ့ အတူတူ ငေးမောကြည့်ခဲ့တဲ့
လမင်းကြီး တစ်ခုပဲ ရှိပါတယ် ။
ငါနဲ့ အတူတူ
လူတော်တော် များများဟာ,
မေ့မရသမျှတွေ ရင်မှာ...လွမ်း၊
အလွမ်းတွေ ...
ကိုယ်စီ သယ်ဆောင်နေကြပါတယ် ။
ငါ မပါပဲ
လူတော်တော် များများဟာလည်း
တွေ့ တဲ့အချိန်တိုင်း
အချစ်ပန်းတွေ ဖူးဝေစွာနဲ့
ကိုယ်စီ ပန်ဆင်ထားကြပါတယ် ။
အချစ်ပန်းတွေ ဝေချိန်မှာ...
ငါ့ ရင်မှာတော့
အလွမ်းမိုးတွေ သွန်းဖြိုးရွာချနေခဲ့ကြတယ်..။
ချစ်သူရေ...,
မသီကုံးပဲ ... ပွင့်တဲ့ ပန်း
မရှိုက်နမ်းပဲ ... လန်းတဲ့ ပန်း
အဲ့ဒါ ...,
` အလွမ်း ´ ပါပဲ ချစ်သူရယ်...။ ။
♥♥ ကူးတို့ဆိပ် ♥♥
ယိုင်နဲ့နဲ့ တိုင်ဟောင်းတွေနဲ့
အစောင်းအတိုင်း တည့်နေတဲ့
ကူးတို့ဆိပ် ...
လှေတွေအပေါ် တက်တွေနားနေပုံ
ရေထဲမှာ မြင်နေရတဲ့ အကြည်ဓာတ်မှာ
လေးဆယ်ငါးဒီဂရီ စိုက်ဆင်းလာပြီး
ညနေရဲ့ နောက်ဆုံးအသွေးအသား ...
လှိုင်းထဲ တဖျက်ဖျက်လူးနေတဲ့
ငါးလေးတွေ ...၊
ရပ်လျှက် ခေါက်နေတဲ့ အရိပ်မှာ
ယောက်ယက်ခပ်နေတဲ့ စိတ် ...
မရပ်ဘဲ စီးနေတဲ့ ရေတွေနဲ့
မစီးဘဲ ရပ်နေတဲ့ လူတွေ ...၊
စား၊၀တ်၊နေ အတွက်
မြစ်ရေပေါ် ချွေးတစက်စက်
အသားမာတွေ တက်အောင်လှော်ရတဲ့ လက်တွေနဲ့
ဘ၀မှာ အရေးပါလှတဲ့
သံယောဇဉ်တွေ အတွက် ...
ရှေ့ဆီ ချီတက်နေတဲ့
ကူးတို့ဆိပ်မှာ ... လူတွေ လူတွေ ။ ။
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
ပညာရှင် မဟုတ်ရ။
သညာရှင်မျှသာ။
သို့အတွက်.....
ပညာရှင်တို့ လက်ရာ
တစ်သီး တစ်ညှာမျှ
တွေ့မြင်ရမည် မဟုတ်ပါ။
သညာရှင်တို့ ဟန်ပန်သာ
ပြွတ်သိပ်ရှုမော
မနောမှာ ထင်နိုင်ရာ၏
အထက်ကဟာလေးကို နှိပ်ပါ။ ရှင်သန် နှင့် စကားပြောခန်း ပေါ်လာရင် Name ရဲ့ ဘေးမှာ ကိုယ့်အမည်ရေးပါ။ Website ရဲ့ ဘေးမှာ အီးမေးလ်လိပ်စာ ရေးပါ။ မရေး ချင်လည်း ရသည်။ Message ရဲ့ ဘေးမှာ ပြေချင်သည့် စကားတို့ကို ရေးသားပါ။ အားလုံးပြီးဆိုရင် ENTER ခေါက်လိုက်ပါ။ စီဘောက်စ်နှင့် လုံးဝအထိအတွေ့ မရှိ သေးသောသူများအတွက် ပြောတာပါ။ အပိုဟု မထင်ပါနဲ့ခင်ဗျာ
28.6.2010 မှ စတင်ရေတွက်သည်
ဒီအချိန်တောင် ရှိသွားပြီကိုး။ ပြန်ဦးမှပဲ။
ငါ အွန်လိုင်းပေါ်ရောက်နေတာ ကြာပြီ။
ငါ့ ဘ၀ရဲ့ အချိန်တွေကို
အွန်လိုင်းမှာပဲ မြှုပ်နှံလို့ မဖြစ်ဘူး။
အဓိပ္ပါယ်ရှိတဲ့ အခြားလုပ်ရပ်တို့အတွက်
ငါ အသက်ရှူရဦးမည်။
|
|
|
|
Today, there have been 10 visitors (10 hits) on this page! |